Saturday, November 17, 2012

ချစ်မိတ်ဆွေများအတွက်

ကျမ ရဲ့ blog လေးကို လာလည်ကြတဲ့ ချစ်မိတ်ဆွေများရှင်....
ကျမရဲ့ blog ကို လိပ်စာအသစ်ပြောင်းလိုက်တဲ့အကြောင်း သတင်းကောင်းပါလိုက်ပါတယ်ရှင်။ လိပ်စာက
http://senglikham.com/ပါရှင်။ လိပ်စာပြောင်းသွားတဲ့ အကြောင်းကို ကြိုတင်မပြောလိုက်မိလို့  ချစ်မိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ်ရှင်။ ကျမရဲ့ ဟင်းချက်နည်းတွေ ၊ ရေးဖြစ်တဲ့စာစုလေးတွေ ၊ စုဆောင်းထားတဲ့မှတ်တမ်းဓါတ်ပုံလေးတွေကို မျှဝေပေးသွားမှာပါရှင်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။                ။

Friday, September 14, 2012

ကျမ ချစ်တဲ့ နှင်းဆီများ အကြောင်း

        မင်္ဂလာပါ ချစ်မိတ်ဆွေများရှင်....ဒီရက်ပိုင်း အမေ့အိမ်ပြန်မှာမို့ လို့  ပြင်ဆင်စရာလေးတွေ ရှိတာကြောင့် ဟင်းချက်တာ မုန့် လုပ်စားတာတွေ မလုပ်နိုင်သေးပါဘူး။ အမေ့အိမ်ရောက်တဲ့ အခါမှ ကျမရဲ့ချက်နည်းတွေကို အခါအားလျော်စွာ ပြန်လည်မျှဝေပေးသွားမှာပါ။  ဒီနေ့ တော့ ကျမချစ်တဲ့နှင်းဆီ ပန်းလေးအကြောင်းကို ကျမသိသလောက် မျှဝေလိုက်ပါတယ်။ အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေ။         ။

 နှင်းဆီပန်းလို့ ......
ပြောလိုက်ရင်ပဲ သင်းပျံ့ မွှေးကြိုင်ပြီး အရောင်အသွေးစုံလင်လှတဲ့ပန်းလို့  ကျမမြင်မိပါတယ်။ 
မိန်းကလေး တော်တော်များများတော့ နှင်းဆီပန်းကြိုက်ကြတယ်လို့ ထင်ပါတယ်။ ကျမလည်း နှင်းဆီပန်း ချစ်တဲ့ သူတစ်ယောက်ပါ။  နှင်းဆီပန်းတွေမြင်တိုင်း ဓါတ်ပုံမရိုက်ဘဲမနေနိုင်အောင် ဖြစ်ရပါတယ်။
 နှင်းဆီပန်းကို ကိုယ့်ရင်ထဲကခံစားချက်ကို တယောက်ယောက်သိစေဖို့  လက်ဆောင်အဖြစ်ပေးလာတာ တွေ့ ရပါတယ်။ ကျမ ဖတ်ဖူးသလာက်ဆိုရင်...

အနီရောင်နှင်းဆီ -     ချစ်ခြင်းကိုဖော်ပြခြင်း ၊ လှပမှုကိုဖော်ပြခြင်း ၊ လေးစားမှုကိုဖော်ပြခြင်း ၊
                               အားပေးချီးမြှင့်မှုကိုဖော်ပြခြင်း

အဖြူရောင်နှင်းဆီ -   ဖြူစင်ကြောင်းဖော်ပြခြင်း ၊ ငယ်ရွယ်နုပျိုမှုကိုဖော်ပြခြင်း ၊
                             ခွင့်လွတ်မှုကိုတောင်းခံခြင်း ၊ တန်းဖိုးထားမှုကိုဖော်ပြခြင်း ၊

ပန်းရောင်နှင်းဆီ -  ကျေးဇူးတင်မှုကိုဖော်ပြခြင်း ၊ နှစ်သက်မှုကိုဖော်ပြခြင်း ၊
                        သီရိကျက်သရေနှင့်ပြည့်စုံမှုကိုဖော်ပြခြင်း ၊ မြတ်နိုးမှုကိုဖော်ပြခြင်း ၊
                        ယုံကြည်ပေးပါလို့ ဖော်ပြခြင်း ၊ ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကိုဖော်ပြခြင်း

အ၀ါရောင်နှင်းဆီ -  ခင်မင်မှုကိုဖော်ပြခြင်း ၊ ပျော်ရွှင်ဝမ်းမြောက်မှုကိုဖော်ပြခြင်း ၊                          
                        ကတိပေးတယ်လို့ ဖော်ပြခြင်း ၊ ကြိုဆိုကြောင်းဖော်ပြခြင်း ၊
                         သတိရမှုကိုဖော်ပြခြင်း ၊ ဂရုစိုက်မှုကိုဖော်ပြခြင်း ၊ ၀န်တိုမှုကိုဖော်ပြခြင်း ၊ 



































Tuesday, September 11, 2012

Carrot Soup

     ခုတလော မိုးတွေလည်းရွာတော့ ဘာမှထူးထူးထွေထွေ သိပ်မချက်ဖြစ်ပါဘူး။ အင်တာနက်လိုင်း ကလည်းပျက်သွားလို့  ဘလော့ခ်ကနေ ခဏပျောက်သွားခဲ့ပါတယ်။ ဒီနေ့ လည်း မိုးအေးအေးနဲ့  ဥနီ Carrot Soup လေး လုပ်သောက်ဖြစ်ပါတယ်။
            မေမြို့ မှာ အသီးအရွက်တွေက လတ်ဆတ်တာများပါတယ်။ လတ်ဆတ်တဲ့အသီးအရွက်တွေနဲ့ Soup လေးတွေ လုပ်သောက်ရတာ အင်မတန်မှအရသာရှိပါတယ်။ လုပ်ရတာလည်း လွယ်ကူပြီး အချိန် ကုန်သက်သာစေပါတယ်။ ကျမ အမြဲလုပ်ဖြစ်တဲ့ Soup လေးတွေကတော့ ဥနီ ၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူး ၊ ဂေါ်ဖီထုပ် ၊ ပဲစိမ်းလုံး ၊ ဂေါ်ရခါးသီးတို့ ပဲဖြစ်ပါတယ်။ အသီးအရွက် Soup လေးဟာ ကျန်းမာရေး အတွက်လည်း အထူးသင့်လျော်ပြီး သားသတ်လွတ်စားတဲ့ ချစ်မိတ်ဆွေများအတွက်သာမက ၀ိတ်လျော့ ချင်နေတဲ့ ချစ်မိတ်ဆွေများအတွက်လည်း အဆင်ပြေစေတဲ့ Soup လေး အကြောင်းကို မျှဝေလိုက်ပါတယ်။  အားလုံးပဲ Soup သောက်ရင်း ပျော်ရွှင်နွေးထွေးကြပါစေ။               ။

Carrot Soup
 Carrot Soup လုပ်နည်းကတော့  

  • Carrot လေးတွေကို အခွံနွာ ၊ ရေဆေးပြီး အပိုင်းပိုင်းလေးတွေ ဖြတ်ထားပါ။ 
  • ပွက်ပွက်ဆူနေတဲ့ ရေမှာ ခပ်နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီ ၁ ဥ နဲ့ အတူ နူးသည်အထိ ပြုတ်ပေးပါ။
  •  နူးလာလျှင် ဆယ်ထားပြီး Blander နဲ့  ကြိတ်လိုက်ပါ။ 
  • ကြိတ်တဲ့ အချိန်မှာ အသီးပြုတ်ရည်တွေ နည်းနည်းချင်းလောင်းထည့်ပြီးမှကြိတ်ပါ။ 
  • မပျစ်မကျဲလေး ဖြစ်လာလျှင် အိုးတလုံးတွင် ထည့်ပြီး ပွက်အောင်ပြန်တည်လိုက်ပါတယ်။ 
  • ပွက်ပွက်ဆူလာလျှင် အိုးချပြီး ဆား ၊ ငရုတ်ကောင်းမှုန့်  ၊ နို့ စိမ်း(သို့ ) cream powder တွေထည့် နံနံပင်အနည်းငယ် အုပ်ပြီး အရသာရှိတဲ့ Carrot Soup လေးရပါပြီရှင် ။

 ဒီနည်းအတိုင်းပဲ ချစ်မိတ်ဆွေတို့ နှစ်သက်တဲ့ အသီးအရွက်တွေနဲ့ လည်း လုပ်နိုင်ပါတယ်။
Tomato Soup

Thursday, September 6, 2012

Flowers around my world

ကျမ ပန်းလေးတွေကို ချစ်ပါတယ်။ သွားရင်း လာရင်း တွေ့ တဲ့ပန်းလေးတွေကို ဓါတ်ပုံရိုက်ထားလေ့ရှိပါတယ်။ ဓါတ်ပုံရိုက်တာကို ကျမ အင်မတန်ဝါသနာကြီးပါတယ်။ တက္ကသိုလ်တက် ကတည်းက ၀ါသနာထုံခဲ့ပါတယ်။ ဓါတ်ပုံ ရိုက်တာဟာ ကျမ ကို ပျော်ရွှင်အေးချမ်းစေပါတယ်။ ကျမရဲ့ ချစ်မိတ်ဆွေများအားလုံးအတွက် ကျမ ရိုက်ခဲ့တဲ့ ပန်းပုံလေး တချို့ ကို မျှဝေလိုက်ပါတယ်။ ပျော်ရွှင်အေးချမ်းကြပါစေ ။        ။















Saturday, September 1, 2012

ခုံးကြက်သွန်ဖြူပေါင်း

ဒီတပါတ် ဟင်းချက်နည်းကတော့ .......
ထုပ်ထုပ်လေးနဲ့ စားလို့ ကောင်းတဲ့ ခုံးကြက်သွန်ပေါင်း ပင်လယ်စာဟင်းချက်ဖြစ်ပါတယ်။ လုပ်ရတာလွယ်ကူ အချိန်ကုန်သက်သာပြီး စားလို့ လည်းကောင်းလို့  
ကျမရဲ့ လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။  အားလုံးပျော်ရွှင်ကြပါစေ ။           

ခုံးကြက်သွန်ဖြူပေါင်း အတွက် လိုအပ်တာလေးတွေကတော့

  • ခုံးကောင်လေးများ                    470 g (City Mart တွင်ရနိုင်သည်)
  • ကြက်သွန်ဖြူ                           အနည်းငယ်(တောက်တောက်စင်းထားပါ)
  • ဆား                                         အနည်းငယ်
  • Olive oil(with Garlic)             2 tb sp (City Mart တွင်ရနိုင်သည်)
  • နံနံစေ့မှုန့်                                1 tsp    (City Mart တွင်ရနိုင်သည်)
  • ပဲငံပြာရည်အနောက်                 2 tb sp
  • ပျားရည်                                  အနည်းငယ်
  • ဂျင်း                                       လက်တဆစ် (ခြစ်ပေးထားရန်) 
  • သံပုရာသီး                              တစ်စိပ်
  • ကြက်သွန်မြိတ်                        အနည်းငယ်
  • ရေသန့်                                  အနည်းငယ်

ခုံးကြက်သွန်ဖြူပေါင်း



ပထမဆုံး ခုံးကောင်လေးများကို ခွာလိုက်ပါ။ အခွံနှင့်ကပ်နေသောခုံးသားကို ရအောင်ခွာရပါမည်။ အသားပါတဲ့တဖက်ကိုယူပီးလျှင်ရေဖြင့် သန့် ရှင်းစွာဆေးကြောပေးပါ။ 
        အခွံခွာနေစဉ် ပေါင်းမည့်အိုးကို အရင်တည်ထားပါ။ ပြီးလျှင် ခုံးကောင်လေးများကို ပေါင်းအိုးတွင် စီထားပါ။    တောက်တောက်စင်းထားတဲ့ ကြက်သွန်ဖြူများကို ခုံးကောင်လေးတစ်ကောင်စီတွင် အနည်းငယ်စီ ထည့်လိုက်ပါ။ ထို့ နောက် ဆား အနည်းငယ် (ပါသည်ဆိုရုံလေးသာထည့်ပါ) ၊ Olive oil(with Garlic) 1 tb sp ကိုလည်း  ခုံးကောင် လေးများပေါ်တွင် မျှပြီးထည့်ပေးပါ။ ပေါင်းမည့် ရေနွေး
ပွက်ပွက် ဆူမှသာ ပေါင်းပေးပါ။ ၁၅ မိနစ်ခန့် ပေါင်း ပြီးလျှင် ပန်းကန်ပြားတွင် စီထားကာ ခုံးကောင်းလေးများပေါ် ကြက်သွန်မြိတ် လေးများထည့် လိုက်ပါ။

ခုံးကြက်သွန်ဖြူပေါင်းအတွက်ဆော့စ်

နံနံစေ့မှုန့် 

  • Olive oil(with Garlic) 


ခုံးကောင်လေးများ ပေါင်းနေစဉ် ဆော့စ်ပြုလုပ်ထားပါမယ်။ ဆော့စ်ပြလုပ်ရန် ဇလုံငယ်လေးတခုတွင်
ပဲငံပြာရည်အနောက် ၊ နံနံစေ့မှုန့်  ၊ Olive oil(with Garlic) 1 tb sp ၊ ဂျင်း ၊  ပျားရည် ၊ သံပုရာသီး ၊ ရေသန့် တို့ ကိုရောနှောပြီး သမအောင်မွှေလိုက်ပါ။ အရသာ အပေါ့အငံမြည်းပြီး ခုံးကောင်လေးများ စီထားတဲ့ ပန်းကန်ပေါ်လောင်းချပြီး ထုပ်ထုပ်လေးနဲ့ စားလို့ ကောင်းတဲ့ ခုံးကြက်သွန်ပေါင်း ပင်လယ်စာဟင်းလေး သုံးဆောင်လို့ ရပါပြီရှင် ။  


ခုံးကြက်သွန်ဖြူပေါင်း

Friday, August 31, 2012

ကျောက်မဲအမှတ်တရ

ကျမ ခရီးမထွက်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာ ကျမ ကျောက်မဲမြို့ ကိုသွား ရောက်လည်ပတ်ဖြစ်ပါတယ်။ 
ပထမဆုံးရောက်ဖူးတဲ့မြို့ လည်းဖြစ်တဲ့အတွက် ကျမ ရိုက်လာတဲ့ 
အမှတ်တရပုံလေးတချို့ ကို မျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ ။           ။
ကျောက်မဲမြို့  ငြိမ်းချမ်းဘုရားပုံတော်

ကျောက်မဲမြို့  ငြိမ်းချမ်းဘုရားပုံတော်

ဂုတ်ထိပ်တံတား အဝေးရှုမျှော်ခင်း

ဂုတ်တွင်းအဝေးရှုမျှော်ခင်း

ဂုတ်တွင်းအဝေးရှုမျှော်ခင်း



မှိုပေါင်း

အမဲအူဟင်း

ကြာဆံနှင့် ပဲသုပ်

ငါးခူမျှစ်ချဉ်

အစိမ်းကြော်

ဝက်သားချဉ်

ထမင်းချဉ်

မုန်ညင်းပေါင်း